Friday, May 9, 2008

မဲဆောက်သို့ ပေးသောစာ


ရဲဘော်ကြီး ကိုလွမ်းဏီရေ-
‘‘ကမ်းကြည့်ငှက်” လို့ အမည်ပေးထားတဲ့ မိုင်၃၀၀၀ ခရီးရှည်ချီတက်ပွဲ ရန်ပုံငွေရှာဖွေရေး ကွန်ရက်အကြောင်း ကျနော်တို့ Freedom Fighter blog ထဲမှာ ခင်ဗျားဝင်မေးထားတာတွေ့ လို့ ဒီစာကိုရေးလိုက်တာပါ။

အမေရိကန်အနောက်ခြမ်း Oregon ကနေ အရှေ့ ဘက်ခြမ်း New York အထိ မိုင်၃၀၀၀ကျော် ချီတက် နေကြတဲ့ အေသင် နဲ့  ဇော်မင်းထွေး တို့ နှစ်ယောက်ဆီကို ကျနော်နဲ့ မိုးသီးဇွန် နဲ့ ဖုန်းဆက်အားပေး စကားပြောကြရာကနေ ဒီ‘‘ကမ်းကြည့်ငှက်’’ အစီအစဉ်လေးကို စိတ်ကူးရမိတာပါပဲ။

ဒီစိတ်ကူးကို Sanfrancisco က မိုးမခမီဒီယာလုပ်နေတဲ့ မောင်ရစ်ကို ပြောပြတယ်။ အမေရိကန် မှာနေတဲ့ မြန်မာဘလော့ဂါ မသဒ္ဓါနဲ့ တိုင်ပင်တယ်။ မိုင်၃၀၀၀ ချီတက်နေတဲ့ရဲဘော် ၂ ယောက်အကြောင်း ဆရာ မောင်စွမ်းရည်တို့ ၊ ဒေါ်မာမာအေးတို့ ၊ ကိုလားရှိုးသိန်းအောင် တို့ ကို ပြောပြတော့ ဒီလူကြီးတွေကလည်း ခရီးရှည်ချီတက်နေတဲ့ လူငယ်နှစ်ယောက်ဆီကို ဖုန်းတွေဆက်ပြီးအားပေးကြပါတယ်။

အမေရိကန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေထဲက ဘယ်သူမဆို မိုင်၃၀၀၀ ချီတက်ပွဲကို ထောက်ခံတဲ့သူ အားလုံး ကို စုစည်းဖို့ စိတ်ကူးရလိုက်တယ်။ အဲ့ဒီ့မှာ ကမ်းကြည့်ဌက်လို့ အမည်ပေးပြီး ရန်ပုံငွေရှာဖွေဖို့ စတင်လိုက်တာပါ။

အဖွဲ့ ဝင်တွေဆိုတာကတော့ ကမ်းကြည့်ဌက်မှာပါဝင်ပြီး အေသင်နဲ့ ဇော်မင်းထွေးတို့ ကို အမြဲ တမ်းဖုန်းဆက်အားပေးနေတဲ့သူတွေ ၊ ချီတက်ပွဲအကြောင်း ကိုယ့်နိုင်ငံသားတွေကြားမှာ သတင်းပေး နေတဲ့ သူတွေ ၊ လမ်းလျှောက်နေတဲ့လူတွေလိုအပ်တဲ့ ငွေကြေးကို ရှာဖွေ စုဆောင်းပေးနေတဲ့သူတွေကို နာမည် ဖော်ပြပေးထားတာပါ။ တချို့ လည်း နာမည်ဖော်ပြခွင့်မပြုပေမဲ့ စိတ်ဓာတ်နဲ့ ငွေကြေးအကူအညီ ပေးတဲ့သူ တွေလည်းရှိပါတယ်။

အစကတော့ အမေရိကန်က အင်အားစုတွေလောက်နဲ့ ပဲ စုစည်းကြည့်ဖို့ မှန်းထားတာ ၊ နောက်တော့ Y မြစ်ချိုတို့ လို တောင်ကိုရီးယားက ရဲဘော်တွေနဲ့ လည်းချိတ်မိ ၊ ဂျပန်က ရဲရင့်သက်ဇွဲတို့ အဖွဲ့ တွေနဲ့ လည်း ချိတ်မိရုံတင်မက သြစတြေးလျက ညီမလေး ရှေးရေစက်တို့ နဲ့ 
ပါချိတ်မိသွားတာပါ။

ကိုလွမ်းဏီရေ- အေသင်က ABSDF တပ်ရင်း ၆၀၁ ကတဲ့ ၊ အသက် ၃၅ နှစ်ရှိပြီ။ ဇော်မင်းထွေးက ၂၇ နှစ်။ သူက အေဘီရဲဘော်ဟောင်း တစ်ဦးရဲ့သား။

ကျနော်တို့ FREEDOMFIGHTER ဘလော့ဂ်မှာ တင်ထားတဲ့ ဗီဒီယိုမှာကြည့်ရင်တွေ့ နိုင်ပါတယ်။ သူတို့ ကိုင်ဆောင်ချီတက်နေတဲ့ အလံက
ABSDF အလံ နဲ့ အမေရိကန် အလံတွေပဲလေ။

ကုလသမဂ္ဂလုံးခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အကြောင်း စာသွားတင်မယ့်သူတို့ ရဲ့
ခရီးရှည်ကြီးကို ကျနော်တို့ အားပေးဂုဏ်ပြုရမယ်လေ။ သူတို့ အစီအစဉ်က ရှစ်ရက်၊ရှစ်လ၊နှစ်ထောင့်ရှစ် မတိုင်မီ New York အရောက်
ပဲ။ ရှစ် လေး လုံး နှစ်၂၀ ပြည့် အထိမ်းအမှတ်ပေါ့။ ဒါကြောင့်ရည်ရွယ်ချက်အောင်မြင်အောင် ကျနော်တို့ ကမ်းကြည့်ငှက်က ဘေးကလိုက်လံ စောင့်ရှောက်ကူညီပေးတဲ့ သဘောပါပဲ။

New York မှာ သူတို့ ကို လူထုအခမ်းအနားနဲ့ ကြိုဆိုဖို့ ကျနော်နဲ့ မိုးသီးဇွန် တိုင်ပင်ထားပါတယ်။ အဲ့ဒီ့ပွဲမှာ ကျနော်တို့ ကဗျာဆရာတွေက
ကဗျာရွတ်ဆိုပြီး ဂုဏ်ပြုကြရင်မကောင်းဘူးလား။

မဲဆောက် ကွန်မြွန်းတစ်ခုလုံးကလည်း မိုင်၃၀၀၀ ချီတက်ပွဲကို ထောက်ခံအားပေးလိမ့်မယ်လို့ ယုံကြည်ပြီးသားပါ။ သူတို့ ချီတက်နေတုန်း ဒီကြားထဲမှာပဲ မေလ ၁၀ ရက်ဟာ ပြည်တွင်းမှာ တိုက်ပွဲတွေပြင်းထံနေတော့မယ်။ ဒေါက်တာလွဏ်းဆွေစကားနဲ့ ပြောရရင် ‘‘ပုရစ်ဖူးတွေ နွေမှာဝေ ၊ စစ်ဘီလူးတွေမေမှာသေ’’ မယ့် အချိန်ပဲ။

အဲ့ဒီတော့ ကိုလွမ်းဏီလဲ မေတိုက်ပွဲနဲ့ တပါတည်း မိုင်၃၀၀၀ ချီတက်ပွဲ အတွက်လည်း ရှေ့ တန်းကပါဝင်စေချင်ပါတယ်။ ခင်ဗျားနာမည်ကို ကမ်းကြည့်ဌက်မှာထည့်လိုက်ပြီ။ ကဗျာဆရာတစ်ယောက်ရဲ့နောက်မှာ သူ့ ပြည်တွေအများကြီးရှိတယ်လေ။
အခုလောလောဆယ် အေသင်တို့ ၂ ယောက် Nebraska ပြည်နယ်ထဲကို မိုင် ၁၀၀ လောက် ဝင်လာပါပြီ။ သူတို့ မိုင်၁၃၀၀ ကျော် ခရီးပေါက်ခဲ့ပြီ။

မဲဆောက် ဒေါင်းရင်ပြင်က ကဗျာဆရာများ FREEDOMFIGHTER ဘလော့ဂ်အတွက် စာမူများ ပေးပို့ နိုင်ကြပါတယ်ခင်ဗျား။

FREEDOMFIGHTER FOR BURMA
create:စစ်နိုင်မင်း (၁၆)
Advise:အောင်ဝေး (၅၄)


အားလုံးကိုအမြဲသတိရလျက်-
အောင်ဝေး(ခေတ္တ-Michigan)

0 comments:

 
/* EOT ----------------------------------------- */